ဟုမ္မလင်း မတ် ၂၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲအား စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက်ရှိမြို့နယ်သံဃနာယကရုံးခန်းမတွင်ယနေ့နေ့လည်ပိုင်းကကျင်းပပြုလုပ်ရာကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များအေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက်မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်အပါအဝင် ကြီးကြပ်ဆရာတော်များ၊ဟုမ္မလင်း၊ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များက သွားရောက်ဖူးမြော်ကြည်ညိုသည်။ အဆိုပါ စာဖြေသံဃာတော်များနှင့် သာသနာနွယ်ဝင်များအား ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှုများ အပါအဝင် လိုအပ်သည်များကို ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲအား တန်ခူးလဆန်း(၁၂)ရက်မှ တန်ခူးလဆုတ်(၂)ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ လာရောက်ဖြေဆိုသည့်သံဃာတော်(၄)ပါး၊ သာမဏေ(၅၇)ပါး၊ သီလရှင် (၁၇)ပါးစုစုပေါင်း(၇၈)ပါးရှိကြောင်းနှင့် စာဖြေသံဃာတော်များအား စေတနာရှင်၊အလှူရှင်များကအအေးနှင့်ရေသန့်များကပ်လှူခဲ့ကြောင်းသိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)