ပခုက္ကူမြို့၌ ဆယ့်နှစ်ပွဲဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော်အတွက် ဆိုင်းခန်းတစ်ချို့ဖွင့်လှစ်၍ စတင်ရောင်းချ

ပခုက္ကူ မတ် ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းရာနှုန်းပြည့် ကပ်လှူပူဇော်ပြီးစီးမှုအထိမ်းအမှတ်ဆယ့်နှစ်ပွဲ ဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော်အတွက် ဈေးဆိုင်ခန်းတစ်ချို့ မတ်လ ၂၇ ရက်နေ့က ဖွင့်လှစ်ပြီးစတင်ရောင်းချနေကြပြီဖြစ်ကြောင်း သိရသည်။

" ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှု အောင်ပွဲအထိမ်းအမှတ်အဖြစ် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်မှ ဧပြီလ ၇ ရက်နေ့အထိ အစီအစဉ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း၊ ပွဲတော်ကာလများအတွင်း ဈေးဆိုင်ခန်းပေါင်း (၃၀၀) ခန့်ဖြင့် အညာဒေသထွက်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်ဒီဇိုင်းမျိုးစုံ၊ ကလေးကစားစရာပစ္စည်းမျိုးစုံ၊ တောင်သူလယ်သမားသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းအရောင်းဆိုင်များနှင့် မုန့်ဆိုင်တန်းများဖြင့် ရပ်နီးရပ်ဝေးမှဈေးသည်များနှင့် ဒေသခံဈေးသည်များပါဝင်သော ဆယ့်နှစ်ပွဲဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော်အပြင် မိဘပြည်သူများ စိတ်အပန်းပြေနိုင်စေရေးအတွက် ကလေးကစားစရာနေရာများ၊ ပင်လယ်ဓားပြအပါအဝင် အပျော်စီးနေရာများ စီစဉ်ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ မတ်လ ၂၇ ရက်မှစတင်ကာ ဈေးဆိုင်ခန်း ၁၀၀ ခန့်လောက် ဖွင့်လှစ်ပြီးရောင်းချနေကြပြီဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာ့ရိုးရာခြင်းလုံးအလှခတ်စွမ်းရည်ပြပွဲကျင်းပလျက်ရှိပြီး မတ် ၃၀ ရက်မှ ဧပြီလ ၁ ရက်နေ့အထိ မန္တလေးအားမာန်သစ်ဇာတ်အဖွဲ့နှင့် ဧပြီလ ၅ ရက်မှ ၇ ရက်နေ့အထိ မန္တလေးကောင်းစစ်ဟိန်းဇာတ်အဖွဲ့တို့၏ ဇာတ်အလှသဘင်ဖျော်ဖြေရေးအစီအစဉ်များ၊ ဧပြီလ ၁ ရက်တွင် ဘုရားအနေကဇာတင်ဗုဒ္ဓပူဇနိယပွဲတော်၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ၊ ရေစက်ချတရားပွဲနှင့် စတုဒီသာကျွေးမွေးခြင်း၊ သံဃာတော် (၁၀၈) ပါးအား ဆွမ်းဆန်တော်လောင်းလှူပွဲတို့ ဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း" ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းက ပြောသည်။

ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှစတင်ပြီး ငြမ်းလုပ်ငန်း၊ ပြဒါးခံသစ်ဆေးသုတ်လုပ်ငန်းနှင့် ရွှေဆိုင်းချခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းစသည်ဖြင့် အပိုင်း (၃) ပိုင်းခွဲကာ လုပ်ငန်းများအရည်အသွေးပြည့်မီကောင်းမွန်စေရေးနှင့် ရာနှုန်းပြည့်ပြီးစီးနိုင်ရေးအတွက် ပခုက္ကူမြို့ရှိ ထေရ်ကြီးဝါကြီးဆရာတော်များ၊ ခရိုင် / မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘုရားကြီးဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်ပြည်သူများစုပေါင်း၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လ ၂၇ ရက်နေ့တွင် အောင်ပွဲအထိမ်းအမှတ်ဖွင့်ပွဲနှင့် ဓမ္မသဘင်ဆည်းဆာအထူးတရားပွဲတော်များကျင်းပခဲ့ပြီးစီးခဲ့ကြောင်း သိရသည်။

ဘာမီသာ (ပခုက္ကူ)