အုတ်ဖိုမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲများ စတင်ဖြေဆို

အုတ်ဖို မတ် ၂၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကျင်းပသော ပါဠိပထမပြန်စာမေးပွဲများကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့လယ်ဓမ္မာရုံ၌ မတ် ၂၉ ရက် နေ့လယ် ၁၂ နာရီမှ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ပထမကြီးတန်း၌ (၂) ပါး၊ ပထမလတ်၌ (၃) ပါး၊ ပထမငယ်တန်း၌ (၂) ပါး၊ အခြေပြုမူလတန်း၌ (၁၀) ပါးနှင့် အခြေပြုမူကြိုတန်း၌ (၃၇) ပါး၊  စုစုပေါင်း (၅၄) ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

သံဃာတော်များ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် အုတ်ဖိုမြို့နယ် သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် သက်ဆိုင်ရာ မြို့နယ်အဖွဲ့သံဃာနာယက ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး မတ်လ ၂၉ ရက်နေ့မှ မေလ ၃ ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)