ပွင့်ဖြူမြို့နယ်၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများအကြောင်း ချပြရှင်းလင်းဆွေးနွေး

ပွင့်ဖြူ       ဇန်နဝါရီ       ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ အကြောင်း ချပြရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်နှင့် အနောက်ပိုင်းရပ်ကွက်ရှိ ဓမ္မာရုံတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ပြည်ငြိမ်း က ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ် ရာတွင် လိုက်နာရမည့် အချက်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ ဒုတိယအကြိမ် ပြင်ဆင်သည့် ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ အကြောင်းကို ချပြရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သိရှိလိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များနှင့် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ဆောင်ရွက်ရမည့် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ ဉပဒေများနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများအဖွဲ့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး ပြင်ဆင်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ဖွဲ့စည်း ဆောင်ရွက် နိုင်ရေး ပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်သွားကြရန် ဆွေးနွေး မှာကြားခဲ့သည်။ 

ရဲဝင်းနိုင် (ညောင်ဦး)