ကသာ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မံစီကျေးရွာတွင် ဆောင်းရာသီရောက်သောအခါ မိသားစုစားဝတ်နေရေးအဆင်ပြေရန်အတွက် တောအတွင်းမှ ဝါးများကိုခုတ်ပြီး နှီးဖြာကာ ရောင်းချသည့်အလုပ်ကို တစ်ရွာလုံးနီးပါး လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
မံစီကျေးရွာတွင် အိမ်ခြေ(၅၀)ခန့်ရှိပြီး ဆောင်းရာသီရောက်ချိန်တွင် ဝါးနှီးဖြာသည့်အလုပ်ကို တစ်ရွာလုံးနီးပါး လုပ်ကိုင်ကြရာ ဝါးနှီးများကို မိသားစုဝင်များလျှင် တစ်ရက်ကို နှီး(၁၀)ပိဿာခန့်နှင့် မိသားစုဝင်နည်းလျှင် တစ်ရက်ကို နှီး(၄)ပိဿာခန့် ဖြာနိုင်ကြောင်း သိရသည်။
“နှီးဖြာတာကို ဝါးနုတဲ့ ဆောင်းတွင်းပိုင်းမှာသာ လုပ်ကြတယ်။ ကျန်တဲ့အချိန်မှာတော့ ဝါးရင့်လို့ နှီးဖြာလို့မရဘူး။ အဲ့ဒီအလုပ်ကို ဒေသခံပြည်သူအများစုက မိသားစုစားဝတ်နေရေးအဆင်ပြေဖို့ အတွက်ပဲ လုပ်ကြတာများတယ်။ တချို့သူတွေက မိသားစုဝင်များရင် များသလို နှီးတွေကို များများ ဖြာနိုင်တဲ့အတွက် နှီးရောင်းတဲ့အခါ ဝင်ငွေများစွာ ရရှိတယ်” လို့ မံစီကျေးရွာနေ ဒေသခံပြည်သူ တစ်ဦးက ပြောသည်။
အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများသည် နှစ်စဉ် ဆောင်းရာသီရောက်ချိန်တွင် ဝါးနှီးဖြာသည့် အလုပ်ကို လုပ်ကိုင်လျက်ရှိရာ ဝါးများကို နှီးဖြာပြီး နေလှန်းရကြောင်း၊ နေလှန်းပြီးသောနှီးများကို ဝယ်ယူသူများက လာရောက်ဝယ်ယူကာနှီးအတို တစ်ပိဿာလျှင် (၈၀၀)ကျပ်နှင့် နှီးအရှည် တစ်ပိဿာလျှင် (၁၀၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ နှီးဖြာသောဝါးများကို တောအတွင်း သွားရောက် ခုတ်ယူကာ မိသားစုဝင်များလျှင် နှီးများကို ပိုမိုဖြာနိုင်သည့်အပြင် ဝင်ငွေလည်း ပိုမိုရရှိကြောင်း ဒေသခံပြည်သူ များထံမှ သိရှိရသည်။
ရဲအောင်(ကသာ)