ပွင့်ဖြူ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက မြို့နယ်အတွင်း Facility Quarantine Centre များရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရသူများတွင် အမျိုးသမီး(၄)ဦး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူ(၄)ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ပလပ်စတစ်စက်ရုံနှင့် မြောက်ဥက္ကလာပမြို့နယ် အထည်ချုပ်စက်ရုံတို့တွင် အလုပ်လုပ်ကိုင် ကြသူများဖြစ်ပြီး ဇန်နဝါရီ (၈ ၊ ၉)ရက်နေ့တို့က မိမိအစီအစဉ်ဖြင့် ကားငှား၍ ပွင့်ဖြူမြို့နယ်သို့ ပြန်လည်ရောက်ရှိကာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ စီစဉ်ထားရှိသော မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre တွင် အသွားအလာ ကန့်သတ်နေထိုင်ခဲ့ကြောင်း သိရပြီး ဇန်နဝါရီ ၁၀ ရက်နေ့တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ Facility Quarantine Centre များမှ အသွားအလာ ကန့်သတ်စောင့်ကြည့်ရသူ(၂၄)ဦးအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Swab နမူနာရယူ၍ ရန်ကုန်အမျိုးသား ကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာန(NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာ ယနေ့ညနေပိုင်းက ဓာတ်ခွဲစစ်ဆေးချက်အဖြေများ ရရှိခဲ့ပြီး ၎င်းအမျိုးသမီး(၄)ဦး တွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်သည့် အသွားအလာကန့်သတ် စောင့်ကြည့်ရသူ (၂၀)ဦးတွင် ရောဂါပိုး မတွေ့ရှိရကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးစိုးနိုင် ထံက သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ(၄)ဦးမှာ ပွင့်ဖြူမြို့နယ် ဗောဓိကုန်းကျေးရွာမှ အသက်(၁၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကလေးကျေးရွာမှ အသက်(၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ကုန်းဇောင်းကျေးရွာမှ အသက်(၂၂)နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက်(၅၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း၊ မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ပရဟိတအဖွဲ့က ယမန်နေ့ည ၈ နာရီခွဲက အသွားအလာ ကန့်သတ်ထားရှိသည့် Facility Quarantine Centre မှ ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီသီးခြား လူနာကုသဆောင်သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်၍ လိုအပ်သော ကျန်းမာရေး ကုသမှုများ ပြုလုပ်ဆောင်ရွက်ပေးထားကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ ထံက သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ (၆၉ )ဦး ရှိသွားပြီဖြစ်ပြီး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ (၆၀)ဦးရှိပြီဖြစ်ကာ ပွင့်ဖြူမြို့၊ (အ.ထ.က) ကျောင်း ယာယီသီးခြား လူနာကုသဆောင်တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ (၉)ဦး ကျန်ရှိနေပြီး လက်ရှိတွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)