မြို့သစ်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

မြို့သစ် မတ် ၂၈

မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဈေးများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာများတွင် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့်မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးလုံခြုံရေးကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးဘေးကြိုတင်ကာကွယ်တားဆီးရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက် ဦးဆောင်၍ မြို့မစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့်ဝန်ထမ်းများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါကာ မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များ၊ အလုပ်ရုံများတွင် လျှပ်စစ်ကြောင့် မီးလောင်မှုများမဖြစ်ပေါ်စေရေး၊ လူပေါ့ဆမှုကြောင့် မီးလောင်မှုများမဖြစ်ပေါ်စေရေး၊ လူနေအိမ်ဝန်းအတွင်း/အပြင်တွင် အမှိုက်များစုပုံ၍ မီးရှို့ခြင်းများ မပြုလုပ်စေရေး၊ မီးဖိုမီးသုံးစွဲမှုအားစနစ်တကျရှိစေရေးနှင့်သတ်မှတ်အချိန်အတွင်း စည်းကမ်းလိုက်နာအသုံးပြုစေရေး အသိပညာပေးပြောကြား၍ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                 

ဝင်းအိဇွန်(ပြန်/ဆက်)