ဘားအံ၌ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကျင်းပ

ဘားအံ  ဇန်နဝါရီ  ၁၃

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်၊ မြန်မာသက္ကရာဇ်(၁၃၈၂)ခုနှစ်၊ ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်သက္ကရာဇ်(၂၇၆၀)ပြည့်နှစ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ယနေ့နံနက် ပိုင်းက ဘားအံမြို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ရောင်နီလာချိန် နံနက် ၆ နာရီတွင် ကရင်အမျိုးသားအလံတင်အခမ်းအနားကို ကရင်ရိုးရာကျွဲချိုမှုတ်ပြီး ဖားစည်တီး၍ ဖွင့်လှစ်ကာ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က ကရင်လူငယ်များသယ်ဆောင်လာသည့် ကရင်အမျိုးသားအလံတော်အား ကရင်အမျိုးသားသီချင်းကို စုပေါင်းသီဆို၍ တိုင်ထိပ်သို့လွှင့်ထူသည်။

ထို့နောက် အလံတင်အခမ်းအနားသို့ တက်ရောက်လာသူများက ကရင်အမျိုးသားအလံအား အလေးပြုကြပြီး အခမ်းအနားမှူးက ကရင်အမျိုးအလံတော်၏ သမိုင်းကြောင်းကို ဖတ်ကြားသည်။

ဆက်လက်၍ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို ကျင်းပရာ သဘာပတိအဖြစ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ မန်းကျော်ဝင်းမောင်နှင့် ကရင်စာပေနှင့် ယဉ်ကျေးမှု အသင်းအတွင်းရေးမှူး ဒေါ်နန်းမြင့်တင်တို့က ဆောင်ရွက်ကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး များအား အလေးပြုကြသည်။

ထို့နောက် သဘာပတိပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကရင်နှစ်သစ်ကူးနေ့မိန်းခွန်းပြောကြားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သည့်သဝဏ်လွှာကို ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်း သူဇာဝင်းက ဖတ်ကြားကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ပေးပို့သော သဝဏ်လွှာကို လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ဖတ်ကြားသည်။

ယင်းနောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံအကျဉ်းအား ပိုးကရင်ဘာသာ၊ စကောကရင် ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ကရင်တိုင်းရင်းသားလူငယ်များက ဖတ်ကြားကြပြီး “စည်းလုံးခြင်းသည်အင်အား” ဟု အဓိပ္ပယ်ရသည့် (အောဟုအောဟောင်သီချင်းဖြင့်)သီဆိုရ ကရင်နှစ်သစ် ကူးနေ့ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြည်နယ် အတွင်းတာဝန် ထမ်းဆောင်ခဲ့သည့် အထင်ကရသက်ကြီး ကရင်အဖိုးအဖွားများအား အိမ်တိုင်ရာရောက် လိုက်လံ ကန်တော့ခဲ့ပြီး နှစ်သစ်ကူး ဂါရဝလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)