ငွေဆောင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်း ဆောင်ရွက်

ငွေဆောင် မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ မီးသတ်ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ မြို့စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  စျေးသူ/စျေးသားများ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံစိတ်ချမှုရှိစေရေးတို့အတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းတို့ကို မတ်လ၂၇ရက်နေ့ညနေပိုင်းက ငွေဆောင်မြို့မစျေး၌ ဆောင်ရွက်ခဲ့သည်။

ဦးစွာ ငွေဆောင်မြို့မီးသတ်ဦးစီးဌာန၊ တာဝန်ခံမီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးမှ စျေးတာဝန်ခံများနှင့် စျေးသူ/စျေးသားများအား  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် တာဝန်ခံ မီးသတ်ဦးစီးမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးကို နည်းစနစ်မှန်ကန်စွာ ကိုင်တွယ်အသုံးပြုနည်း၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးနှင့်  မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြသခဲ့ရာ စျေးတာဝန်ခံများနှင့် စျေးသူ/စျေးသားများက ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများသည် မြို့မစျေးအတွင်း ရေလှောင်ကန်ထားရှိမှုနှင့်  အရေးပေါ်ရေ လိုအပ်လျှင် လွယ်ကူစွာအသုံးပြုနိုင်မှုများ၊ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ထားရှိရမည့် မီးသတ် ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ ထားရှိခြင်းများကို ကြည့်ရှုစစ်ဆေးကာဈေးတာဝန်ခံများနှင့် ဈေးသူ၊ ဈေးသားများအား လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

ကျော်လင်းဦး (ပြန်/ဆက်)