ငွေဆောင်မြို့၌ ကမ်းနီး/ကမ်းဝေးစက်လှေများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ငွေဆောင် မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ မကျီးမော်ကျေးရွာ၌ ယနေ့နေ့လယ်ပိုင်းက ကမ်းနီး/ကမ်းဝေး စက်လှေများတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသူများအား မြို့အုပ်ချုပ်ရေးမှူးနှင့် ကျေးလက်ကျန်းမာရေးဌာန တာဝန်ရှိသူများက ပြင်းထန်ဝမ်း ပျက်ဝမ်းလျှော ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင်  မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုက ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါလက္ခဏာများ၊ ကူးစက်နိုင်သည့် နည်းလမ်းများ၊ ပြင်းထန်ဝမ်း ပျက်ဝမ်းလျှောရောဂါ အိမ်တွင်းကုသနည်းများနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် လှေပိုင်ရှင်၊ လှေဦးစီးနှင့်လှေလုပ်သားများ လိုက်နာရှောင်ကြဥ်ရမည့်အချက်များကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ရှောက်ချောင်းကျေးလက်ကျန်းမာရေးဌာနခွဲမှ လက်ထောက်ကျန်းမာရေးမှူး ဦးစောခူဒိုဘိုးဇံက ငါးဖမ်းစက်လှေများတွင် ဆောင်ရွက်ထားရှိရမည့် ရေသန့်ဆေး၊‌ ဓာတ်ဆားထုတ်နှင့် ဆေးဝါးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မကျီးမှော်ကျေးရွာမှ ကမ်းနီး/ကမ်းဝေး ငါးဖမ်းစက်လှေပိုင်ရှင်များနှင့်ရေလုပ်သားများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများ၏ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး သိရှိလိုသည့် ဆွေးနွေးမေးမြန်းမှုများကို ​မြို့အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြာင်း သိရသည်။

ကျော်လင်းဦး (ပြန်/ဆက်)