လွိုင်ကော်မြို့၌ အခြေခံဂီတာတီးနည်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

လွိုင်ကော် မတ် ၂၈

နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်းလာစေရန်နှင့် ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ နွေရာသီ(အခမဲ့)သင်တန်းဖြစ်သည့် အခြေခံဂီတာတီးနည်း (Level-1 ၊ Level-2) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်ကော်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ချိုနွယ်ဋ္ဌေးဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး လွိုင်ကော်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမြင့်က လူငယ်များအတွက် သင်တန်းများဖွင့်လှစ်ပေးရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူး ဒေါ်ချိုနွယ်ဋ္ဌေးဝင်းက သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်မှတ်နှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ သင်တန်းသား/သင်တန်းသူ(၆၁)ဦးအတွက် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသား/ သင်တန်းသူ(၂)ဦးက လက်ခံရယူကြသည်။ ယင်းနောက် သင်တန်းသား/ သင်တန်းသူများက Group Song တီးခတ်သီဆိုကြပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။

လွိုင်ကော်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီ(အခမဲ့)သင်တန်းများဖြစ်သည့် အခြေခံပန်းချီရေးဆွဲနည်း(အငယ်တန်းအဆင့်)သင်တန်းကို မတ်လ ၄ ရက်နေမှ ၁၆ ရက်နေ့ အထိလည်းကောင်း၊ အခြေခံဂီတာတီးနည်း (Level-1 ၊ Level-2) သင်တန်းကို မတ်လ ၁၀ ရက်နေ့မှ ၂၄ ရက်နေ့အထိလည်းကောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အခြေခံပန်းချီရေးဆွဲနည်း (အကြီးတန်းအဆင့်)သင်တန်းကို ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်းနှင့် အခြေခံဂီတာတီးနည်းသင်တန်းကို ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နုယဉ်မိုး (ပြန်/ဆက်)