လက်ပံတန်း ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင် လက်ပံတန်းမြို့နယ် သီတာကုန်းကျေးရွာအုပ်စု သံဖြူရုံကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲနှင့် လျှပ်စစ်မီးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကြိုင်က အဖွင့်အမှာစကားပြောကြားပြီး သာရဝေါ လျှပ်စစ်မှူး ဦးမျိုးသိန်းဌေးက လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးသန်းအေးက ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာပြည်သူလူထု ကိုယ်စား ဦးတင်ဟန်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
သံဖြူရုံကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် (၁၁)ကေဗွီအေ ထရန်စဖော်မာ (၁)လုံးကို အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အနေဖြင့် တာဝန်ယူတပ်ဆင်ပေးခဲ့ပြီး ပြည်သူထည့်ဝင် ငွေများဖြင့် ကျေးရွာရှိအိမ်ခြေ(၉၀)ကျော်အား လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှသိရသည်။ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းကြိုင်နှင့် ဌာနတာဝန်ရှိသူများ၊ မီးလင်းရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး