ကနီမြို့နယ်အတွင်းရှိ ဆင်းသုခစပါး မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများမှ ဆင်းသုခ စပါးမျိုးစေ့များ စုပေါင်းလှူဒါန်း

ကနီ    ဇန်နဝါရီ  ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ မိုးလို မိုးခေါင်၍ မိုးစပါးပျက်စီးခဲ့ပြီး အမှန်တကယ်မျိုးစေ့ လိုအပ်ချက်ရှိသော တောင်သူများအတွက် ဆင်းသုခ စပါးမျိုးစေ့ စုပေါင်းထောက်ပံ့ လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့က ကနီမြို့နယ် တဇယ်ချောင်းကျေးရွာ၊ တောင်သူ ဦးတင်ငွေ နေအိမ်နှင့် ကင်းတောင်အုပ်စု ခိုတွင်းကျေးရွာ တောင်သူဦးချင်းစိန်တို့၏ နေအိမ်များတွင် မျိုးစေ့ထောက်ပံ့ လှူဒါန်းခြင်းအခမ်းအနားကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မျိုးစေ့ ထောက်ပံ့ပွဲအခမ်းအနားသို့ ကနီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရွှင်ဌေး၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန ဒု/မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ ကနီမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးချစ်ကိုကို၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့် စိုက်ပညာ (နယ်တာဝန်ခံ) ဝန်ထမ်းများ တက်ရောက်ချီးမြှင့် ခဲ့ကြောင်း သတင်းရရှိသည်။

ကနီမြို့နယ်အတွင်းရှိ မိုးလို မိုးခေါင် မိုးစပါးပျက်စီးခဲ့ပြီး အမှန်တကယ် စပါးမျိုးစေ့လိုအပ်သော တောင်သူများအတွက် စုပေါင်းလှူဒါန်းသည့် ဆင်းသုခစပါး တင်းအရေအတွက်မှာ တဇယ်ချောင် ကျေးရွာအုပ်စု မျိုးစေ့ထုတ်တောင်သူများမှ(၆၃) တင်း၊ ကင်းတောင်အုပ်စု မျိုးစေ့ထုတ် တောင်သူများမှ (၆၆.၅) တင်း စုစုပေါင်းဆင်းသုခ စပါးမျိုးစေ့ (၁၂၉.၅) တင်းတို့ကို မျိုးစပါးဆင်းသုခ ထုတ်တောင်သူများကိုယ်တိုင် ကျေးရွာအလိုက် အစီအစဉ်ဖြင့် စပါးမျိုးစေ့များ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း ကနီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရှိရပါသည်။

ခင်ဝင်းကြည်(ပြန်/ဆက်)