ခန္တီးမြို့၌ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံ နာဂမစ်ဘာသာစကား အရေး / အပြော သင်တန်းဆင်းပွဲပြုလုပ်

ခန္တီး မတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နာဂမစ်စာ‌ပေနှင့်ယှဉ်ကျေးမှုကော်မတီ (ဗဟို) တို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား / သူများအား အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ခန္တီး‌ဒေသသည် နာဂတိုင်းရင်းသားများ နေထိုင်ရာဒေသဖြစ်သည့်အတွက် နာဂလူမျိုးများ၏ အဓိကဘုံစကားဖြစ်သည့် နာဂမစ်ဘာသာစကားကို ရေးတတ်၊ ပြောတတ်စေရန်၊ နာဂမစ်ဘာသာစကားတတ်ကျွမ်းခြင်းဖြင့် လူမှုပေါင်းသင်းဆက်ဆံရေးကဏ္ဍများ ကျယ်ပြန့်လာစေရန်နှင့် လူငယ်များ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံနာဂမစ်ဘာသာစကား အရေး / အပြော သင်တန်းကို မတ်လ (၄) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့ နံနက် (၁၁) နာရီအချိန်က သင်တန်းဆင်းပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး နာဂမစ်စာ‌ပေနှင့်ယှဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးပီကွေက သင်တန်းတွင်ဆုရရှိ‌သော ကျောင်းသား /ကျောင်းသူများအား ပထမ၊ ဒုတိယ၊ တတိယ ဆုများချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံ ဦးသန့်စင်နှင့် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝာာဝန်ရှိသူများက စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား / ကျောင်းသူများအား စာအုပ်နှင့်ဘောပင်ဆုများ ချီးမြှင့်ခဲ့သည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က သင်တန်းနည်းပြဆရာမ ဒေါ်ယောင်းလှိုင်းရှီးအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား / သူ စုစုပေါင်း (၆၀) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ကမ်းကီး (ပြန်/ဆက်)