မကွေး မတ် ၂၇
မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့နံနက် (၉)နာရီက မကွေးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်များမှ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် (၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ရှေ့လုပ်ငန်းစဉ် (၉)ရပ်ကို ချမှတ်ပေးခဲ့ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းနှင့် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ရဲ့ ဆောင်ရွက်နိုင်မှုသည် တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ခရိုင်/မြို့နယ်အသီးသီးရဲ့ ဆောင်ရွက်မှုများအပေါ်မှာ မူတည်သည့်အတွက် တက်ညီလက်ညီဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်အေးကျော်က (၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များကိုလည်းကောင်း၊ အတွင်းရေးမှူး ဒေါ်ခင်ခင်မြင့်က ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသည့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများမှ မိမိတို့ခရိုင်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ ခရိုင်/မြို့နယ်များတွင် (၃)လပတ်ကာလများအလိုက် (ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ) ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအသင်းအဖွဲ့များ အားဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။
ယင်းနောက် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က လမ်းညွှန်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြရာ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)