ကော့သောင်း ဇန်နဝါရီ ၁၃
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများညှိနှိုင်းအစည်းအဝေးကို ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က အဖွင့်ပြောကြားပြီး မြို့နယ်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြား သည်။
ယင်းနောက် တက်ရောက်လာသည့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့၏ ဌာနနှင့် ရပ်ကွက်/ ကျေးရွာများအတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လမ်း၊ တံတားနှင့် အဆောက်ဦစီမံကိန်းလုပ်ငန်း အခြေအနေနှင့် လိုအပ်မည့် ဘတ်ဂျက်ဆိုင်ရာကိစ္စရပ်များကို အသီးသီး အဆိုပြု တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)