ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂ /၂၀၂၆)သို့ တက်ရောက်

ဟားခါး မတ် ၂၇

၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆)ကို ယမန်နေ့မွန်းလွဲ (၂)နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးနာယက ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးနာယက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စက်သုံးဆီချွေတာမှုနှင့် လိုက်လျောညီထွေစွာကျင်းပရန်၊ ယခင်နှစ်က မန္တလေးမြေငလျင်ကြီးကြောင့် ပုံစံတစ်မျိုးဖြင့်ကျင်းပခဲ့ပြီး ယခုနှစ်တွင် အစိုးရ၊ လွှတ်တော်၊ ပြည်သူအများနှင့်အတူ ပျော်ပျော်ရွှင်ရွှင်ကျင်းပသွားရန်နှင့် မဟာသင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာပွဲတော်ဖြစ်သည့်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ယဉ်ယဉ်ကျေးကျေးနှင့်ကျင်းပရန် လမ်းညွှန်မှုရှိပါကြောင်း၊ သို့ဖြစ်၍ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို လမ်းညွှန်ချက်များနှင့်အညီ ကျင်းပနိုင်ရေး အလေးထားကြရန် တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ခရိုင်၊ မြို့နယ်များတွင်လည်း ကျင်းပသွားရန်နှင့် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

ထို့နောက် လုပ်ငန်းကော်မတီများဖြစ်သည့် အခမ်းအနားပြင်ဆင်ရေး၊ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဖျော်ဖြေရေး၊ ပြန်ကြားရေး၊ ဧည့်ခံကျွေးမွေးရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့လှုပ်ရှားရေး၊ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ရေး၊ ဘဏ္ဍာရေးနှင့် စာရင်းစစ်ဆေးရေး လုပ်ငန်းကော်မတီများမှ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းဌေးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ကော်မတီအလိုက် ယခင်နှစ် မဟာသင်္ကြန်ပွဲတော်အတွင်း ဆောင်ရွက်ထားရှိမှု၊ ယခုနှစ်အတွက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် မိမိတို့ကော်မတီအလိုက် ခန့်မှန်းကုန်ကျစရိတ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)