မင်းဘူး(စကု)မြို့နယ်အတွင်း ဆောင်းနေကြာသီးနှံ ဧက (၆၀၀၀) ကျော် စိုက်ပျိုးပြီးစီး

မင်းဘူး          ဇန်နဝါရီ        ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဆောင်းနေကြာ သီးနှံ စိုက်ပျိုးရာသီတွင် နေကြာစိုက်တောင်သူများအနေဖြင့် ဧကပေါင်း (၆၀၀၀)ကျော် စိုက်ပျိုးပြီးစီး နေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းက ပြောသည်။

မင်းဘူး(စကု)မြို့နယ်အတွင်း ဆီးထွက်သီးနှံအနေဖြင့် နှမ်းသီးနှံပြီးလျှင် မြေပဲသီးနှံနှင့် နေကြာသီးနှံတို့ကို အများဆုံးစိုက်ပျိုးကြောင်း သိရသည်။

ဆောင်းနေကြာစိုက်ပျိုးရာ၌ ယာမြေနှင့် လယ်မြေတို့တွင် ထယ်ရေးခံထွန်ယက်ကာ ကြောင်းဆွဲ စနစ်နှင့် ကျဲပက်စနစ်ဟူ၍ နှစ်မျိုးစိုက်ပျိုးလေ့ရှိကြောင်း၊ အများဆုံးစိုက်ပျိုးသော နေကြာမျိုးစေ့မှာ ရေဆင်း(၁) စပ်မျိုးနေကြာဖြစ်ပြီး ကျဲပက် စနစ်ဖြင့်စိုက်ပျိုးပါက တစ်ဧကလျှင် နေကြာမျိုးစေ့ ရှစ်ပြည်နှုန်းကုန်ကျကြောင်း၊ ထွက်နှုန်းအားဖြင့် တစ်ဧကလျှင် (၁၅)တင်းနှုန်း ထွက်ရှိပြီး ဆီကြိတ်၍ အများဆုံးရောင်းချကြကြောင်း၊ နေကြာတစ်တင်းကို ဆီ (၄)ပိဿာနှုန်း ထွက်ရှိပြီး နေကြာဆီ တစ်ပိဿာလျှင် ယခုလက်ရှိပေါက်ဈေး (၅၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း ကုန်းသာကျေးရွာ နေကြာစိုက်တောင်သူ ကိုမင်းမင်းထွန်းထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်း ယခုနှစ်ဆောင်းရာသီတွင် နေကြာသီးနှံကို ဧကပေါင်း (၁၁၈၂၃) ဧကလျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အထိ ဧကပေါင်း (၆၉၆၆) ဧက စိုက်ပျိုးပြီးစီးနေပြီး ကျန်ရှိဧကများကို ဖေဖော်ဝါရီလကုန်အထိ ဆက်လက် စိုက်သွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မောင်မောင် (မင်းဘူး)