ပေါင်းတည် ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်ကပ္ပင်အုပ်စု၊ကျွဲတဲကျေးရွာ၊ အ.မ.က ညောင်ကပ္ပင်တွင် ယနေ့နံနက် ၆ နာရီအချိန်က (၈၄)နှစ်မြောက် ကရင် နှစ်သစ်ကူးနေ့ အလံတင် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော် ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ အလံတင်အလေးပြုကြပြီး ပေါင်းတည်မြို့နယ်၊ ကရင် စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ စောတင်ကိုဦးက အဖွင့် အမှာစကား ပြောကြားပြီး ကရင်နှစ်သစ်ကူးနေ့ နှုတ်ခွန်းဆက်စကားကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းအောင်က ဖတ်ကြားခဲ့သည်။
ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးထံမှ ပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာအား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်က ဖတ်ကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိုင်က ဝမ်းမြောက် စကားပြောကြားခဲ့သည်။
ထို့နောက် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများက ကရင် နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ကရင်လူမျိုးများဆင်းသက် လာပုံ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး နံနက် ၈ နာရီတွင် အခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)