အလောင်းတော်ကဿပဘုရားအသွားလမ်းပေါ်တွင် ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွား

ယင်းမာပင်    ဇန်နဝါရီ    ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာအုပ်စု၊ ကပိုင်ကျေးရွာ အနောက်ဘက် (၇)မိုင်ခန့်အကွာ အလောင်းတော်ကဿပ ဘုရားဖူးလမ်း ထိုးထောင်ကွေ့အနီး ယနေ့ညနေ ၄ နာရီအချိန်ခန့်တွင် ဘုတလင်မြို့နယ် နတ်ရွာကျေးရွာနေ‌သူမောင်းနှင်ပြီး ယာဉ်ပေါ်တွင် (၁၆)ဦး လိုက်ပါလာသည့် SKAT အမျိုးအစား မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ကမ်းပါးနံရံတိုက်မိကာ ကွန်ကရစ်လမ်းပေါ်တွင် တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်းသေဆုံးပြီး ကျန်(၁၆)ဦးမှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူများအနက် (၁၃)ဦးမှာ ကပိုင်တိုက်နယ် ဆေးရုံတွင် ပို့ဆောင်ကုသထား ရှိထားပြီး (၃)ဦးမှာ စိုးရိမ်ရသဖြင့် ကပိုင်တိုက်နယ်ဆေးရုံမှ မုံရွာမြို့ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပို့ဆောင် ကုသထားရှိထား၍ သေဆုံးသူအား ရဲစစ်ဆေးချက်ရယူနိုင်ရေး ကပိုင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကနီမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းမာပင်(ခရိုင်၊ပြန်/ဆက်)