လှိုင်းဘွဲမြို့၌ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့်စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးခြင်း မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိ

လှိုင်းဘွဲ မတ် ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့်စိတ်လူမှုဆက်ဆံရေးဆိုင်ရာ အထောက်အပံ့ပေးခြင်း မြို့နယ်အဆင့်သင်တန်းပို့ချခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၃၁၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၃)ကျောင်း၊ ဘုန်တော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း စုစုပေါင်းကျောင်း (၃၁၅)ကျောင်းမှ သင်တန်းသား၊ သင်တန်းသူ(၃၁၁)ဦးတို့အား အခြေခံပညာအထက်တန်းကျောင်းများမှ သင်တန်းနည်းပြ(၃၀)ဦးနှင့်သင်တန်းကြီးကြပ်(၃)ဦးတို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ စိတ်ကျန်းမာရေးနှင့်စိတ်လူမှုဆက်ဆံရေး အထောက်အပံ့၊ စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်မှုပေးခြင်း၊ ဘေးကင်းလုံခြုံပြီး ကာကွယ်စောင့်ရှောက်မှုပေးသည့် သင်ယူပျော် ဝန်းကျင်တစ်ခုကို ဖန်တီးခြင်း၊ စိတ်ဖိစီးမှုနှင့်စိတ်ဒဏ်ရာ၊ စိတ်ဖိစီးမှုဖြစ်ရသည့် အကြောင်းရင်းများ၊ ထိရောက်သော စီမံခန့်ခွဲမှုလုပ်ငန်း၊ စိတ်လူမှုဆက်ဆံရေးလုပ်ငန်း၊ အကောင်အထည်ဖော်ခြင်း မဟာဗျူဟာ စသည့် အကြောင်းအရာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)