ဟုမ္မလင်း မတ်လ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်မတ်လ ၂၆ ရက်နေ့နံနက် ၉ နာရီခွဲအချိန်က Women Club အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နန်းမဥ္ဇူအေးက စာဖတ်ပရိတ်သတ်အချင်းချင်း ရင်းနှီးကျွမ်းဝင်မှုရှိပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာ၊ ထွန်းထွန်း(အဏ္ဏဝါဇီဝ)၏" "သမိုင်းအစဥ်အလာအရ မြန်မာအမျိုးသမီးတို့၏ အခွင့်အရေးများ" စာအုပ်ပါ အကြောင်းအရာများကို အကျဉ်းချုပ်ဆွေးနွေးခဲ့သည်။
ထို့နောက် Women Club အသင်းဝင်ဒေါ်နန်းအိအိတင်က "မြန်မာမင်းများ လက်ထက်အမျိုးသမီးများအား ချီးမြှောက်ခြင်း"၊ မြန်မာအမျိုးသမီးများနှင့် အုပ်ချုပ်ရေးဆောင်ရွက်ခွင့်၊ ဒေါ်စန်းစန်းတင့်က အမျိုးသမီးအဖွဲ့အစည်းများအကြောင်း၊ ဒေါ်မြတ်မဥ္ဇူက အမျိုးသမီး၊ အမျိုးသားတန်းတူ ဆက်ဆံရေးအခြေခံများနှင့် လူမှုဘဝပြဿနာများစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး Women Club အသင်းဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။
ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် Women Club၊ Book Club၊ Youth Club အသင်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများကို လစဥ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)