ကျုံပျော်၌ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျုံပျော် မတ် ၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ရှိ ပြည်လုံးပေါ်ဘုရားကြီးကျောင်းတိုက်၌ ယမန်နေ့နေ့လယ် ၁ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်သည်။

ဦးစွာအခမ်းအနား တက်ရောက်လာကြသူများက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး၊ အသောကရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသရာစာရထံမှ ဩဝါဒစကားနာကြားကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့်  ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ကျင်းပရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးလျှောက်ထားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးချက်များအား အတည်ပြုဆုံးဖြတ်ကြသည်။ အဆိုပါစာမေးပွဲကို မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ကျုံပျော်မြို့ မြတ်ချမ်းသာ ဘုရားကြီးတန်စောင်းအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ပထမကြီးတန်း ၄ ပါး၊ ပထမလတ်တန်း ၆ ပါး၊ အငယ်တန်း ၃၇ ပါးနှင့် အခြေပြုမူလတန်း ၄၈ ပါး၊ စုစုပေါင်း သံဃာတော်နှင့် သီလရှင် ၉၅ ပါး ဝင်ရောက်ဖြေဆိုမည်သွားဖြစ်ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)