ကော့သောင်း မတ် ၂၆
ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား၊ မြန်မာနိုင်ငံသား အမျိုးသား ၆၇ ဦး၊ အမျိုးသမီး၂၁ ဦး၊ စုစုပေါင်း၈၈ ဦးအား ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့၊ အခြေစိုက်အလုပ်သမားသံအရာရှိက ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ၊ကော့သောင်းမြို့မှတာဝန်ရှိသူများထံသို့ ရေလမ်းခရီးဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ ကော့သောင်းခရိုင်နှင့် မြို့နယ်မှသက်ဆိုင်ရာဌာနအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျလွှဲပြောင်း လက်ခံဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသည့်နေရပ်ပြန်များအား နဝရတ်အားကစားခန်းမတွင် ကျန်းမာရေးဌာနမှတာဝန်ရှိသူများ ကျန်းမာရေးစစ်ဆေး၊ ကုသပေးခြင်း၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်၍ သက်ဆိုင်ရာဌာနအသီးသီးမှ ကိုယ်ရေးအချက်အလက်များ စိစစ်ကောက်ယူခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက (UID) Smart card ဆောင်ရွက်ခြင်းနှင့် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ခဲ့ကြပြီး နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)