ချောင်းသာ မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးသည် ယနေ့နေ့လယ်ပိုင်းတွင် ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာမှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်လျက်ရှိသော Grand Hotel RC(၁)ထပ် ထပ်တိုးအဆောက်အအုံ(၁)လုံး ဆောက်လုပ်နေမှုနှင့် ကမ်းခြေသန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးသည် Grand Hotel မှ ထပ်တိုးအဆောက်အအုံ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ကြိုတင်ခွင့်ပြုချက်အဆိုပြုလွှာ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့၏ထောက်ခံချက်နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ ထောက်ခံချက်များ၊ ဆောက်လုပ်မည့်အဆောက်အဦပုံစံ၊ လုပ်ငန်းရှင်မှ ကြိုတင်ခွင့်ပြုချက်လျှောက်ထားရာတွင် လိုက်နာရမည့်အချက်များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် စစ်ဆေးရေးအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးမှုများအား စစ်ဆေးရာလုပ်ငန်းရှင်နှင့် သက်ဆိုင်ရာဌာနများမှ ဟိုတယ်နှင့်ခရီးသွားလာမှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်လျက်ရှိသော Grand Hotel မှ မူလRC(၂)ထပ် အဆောက်အအုံပေါ်တွင် (၁၀၉'× ၄၁'×၉')အတိုင်းအတာရှိ RC(၁)ထပ် ထပ်တိုးအဆောက်အအုံ(၁)လုံး ဆောက်လုပ်ခွင့်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး စီးပွားရေးရာဝန်ကြီးမှ ဆောက်လုပ်လျက်ရှိသော ထပ်တိုးအဆောက်အအုံ(၁)ထပ်အား ကြည့်ရှုစစ်ဆေးကာလုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁)ရပ်ကွက် မြို့ပတ်လမ်းကမ်းခြေသို့ သွားရောက်၍ ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပမှုနှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းခြေမသန့်ရှင်းလျှင် ရေနေသတ္တဝါများနေထိုင်မှုလျှော့နည်းနိုင်ကြောင်း၊ စွန့်ပစ်အမှိုက်များကင်းရှင်းစေရေး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ အပတ်စဉ်ဆောင်ရွက်ကြရန်နှင့် အမှိုက်ပစ်ကွင်းသို့ စနစ်တကျစွန့်ပစ်ကြရန်၊ ချောင်းသာကမ်းခြေသည် ခရီးသွားဆွဲဆောင်သည့်ဒေသဖြစ်သောကြောင့် ကမ်းခြေသန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့သည် ချောင်းသာကမ်းခြေတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် ဈေးဆိုင်တန်းများ စနစ်တကျရောင်းချရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ ဈေးဆိုင်များ စနစ်တကျရောင်းချရန်နှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများမရှိစေရေး အမှိုက်ပုံးများထားရှိရန်၊ အန္တရာယ်ကင်း၍ ခရီးသွားဆွဲဆောင်သော ကမ်းခြေဒေသဖြစ်ပေါ်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ကျော်ဟိန်း(ပြန်/ဆက်)