မင်းဘူး(စကု)မြို့နယ်၌ သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် စစ္စခမ်းရိုးအား တူးဖော်ဆောင်ရွက်ပေးသွားမည်

မင်းဘူး မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရေပုတ်ကျေးရွာရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေသီးနှံစိုက်ခင်း ဧကပေါင်း ၄၀၀ အား ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် စစ္စခမ်းရိုးအား အရှည် ၃၂၀၀ ပေ တူးဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်/မြောင်း)မှ သိရသည်။

အဆိုပါရိုးရေနှုန်မြောင်းအား တူးဖော်ဆောင်ရွက်ပေးနိုင်ရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက မတ်လ ၂၄ ရက် နေ့လယ်ပိုင်းက ရေပုတ်ကျေးရွာအနီး မိုင်တိုင် အမှတ် (၇/၀)ရှိ ကွင်းအမှတ် ၁၂၃၇(က)တွင် ဒေသခံတောင်သူများနှင့် သွားရောက်တွေ့ဆုံပြီး တာဝန်ရှိသူများနှင့် တောင်သူများ၏ ရိုးတူးဖော်ခြင်းဆောင်ရွက်မည့်လုပ်ငန်းအား ရှင်းလင်းတင်ပြမှုပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ရေပုတ်ကျေးရွာရှိ စစ္စခမ်းရိုးတူးဖော်ခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်/မြောင်း)မှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တူးဖော်ပေးမည့် စစ္စခမ်းရိုး၏ အရွယ်အစားမှာ ပေတိုင် ၁၁၀၀ မှ ၃၃၀၀ အထိ ပျမ်းမျှ အောက်ခြေအကျယ် ၆ ပေ၊ ထိပ်ဝအကျယ် ၁၄ ပေ၊ အနက်အမြင့် ၄ ပေ အားလည်းကောင်း၊ ပေတိုင် ၃၃၀၀ မှ ၄၃၀၀ အထိ ပျမ်းမျှ အောက်ခြေအကျယ် ၇ ပေ၊ ထိပ်ဝအကျယ် ၁၉ ပေ၊ အနက်အမြင့် ၆ ပေ အားလည်းကောင်း စနစ်တကျတူးဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ အဆိုပါစစ္စခမ်းရိုးမှတစ်ဆင့် သားမွေးချောင်း(နွားကူးရိုး)သို့ ဖြတ်သန်းစီးဆင်းစေမည်ဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်/မြောင်း)မှ တာဝန်ခံအရာရှိက ပြောသည်။

မင်းဘူး(စကု)မြို့နယ်၊ ရေပုတ်ကျေးရွာရှိ စစ္စခမ်းရိုးအား တူးဖော်ဆောင်ရွက်ပေးခြင်းအားဖြင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေများဖြစ်သော ကွင်းအမှတ် ၁၂၃၇(က)ရှိ ဧက ၃၀၀ နှင့် ကွင်းအမှတ် ၁၃၁၁ ရှိ ဧက ၁၀၀ စုစုပေါင်း သီးနှံစိုက်ဧက ၄၀၀ ကို ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံတောင်သူများက အဆိုပါရေနှုတ်မြောင်းအား အကျိုးရှိစွာအသုံးချပြီး မိမိတို့၏ သီးနှံစိုက်ခင်းများအတွင်း မိုးများ၍ ရေကြီးခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေရေး ကိုယ်ပိုင်လယ်ကြားမြောင်း၊ စိမ့်မြောင်းနှင့် ပါတ်မြောင်းများ တူးဖော်၍ အသုံးပြုဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)