မော်လိုက် ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ဝါးရုံသာကျေးရွာအုပ်စု ရွှေလင်းတကျေးရွာ၌ လယ်ဧက (၉၅) ဧကကို အကျိုးပြုနိုင်မည့် ရေနုတ်မြောင်း စတင်တူးဖော်ခြင်းကို ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
“ရွှေလင်းတကျေးရွာ၌ အလျား(၁၈၀၀)ပေ၊ အောက်ခြေအကျယ်(၆)ပေ၊ ပျဉ်းမျှအနက် (၄)ပေရှိ ရေနုတ်မြောင်း တူးဖော်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သာမန်ရန်ပုံငွေကျပ် သိန်း(၃၀)ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဒီရေ နုတ်မြောင်းတူးဖော်လိုက်တဲ့အတွက် ရွှေလင်းတကျေးရွာအနီးတဝိုက်ရှိ နှစ်စဉ်မိုးရေများ တင်ကျန် လျက်ရှိတဲ့ လယ်ဧက(၉၅)ဧကမှာ ရေတင်ကျန်မှု မရှိတော့ဘဲ သီးနှံများအား ရာသီချိန်အမှီ စိုက်ပျိုး နိုင်မည့်အကျိုးကျေးဇူးများကို ရရှိခံစားကြမည်ဖြစ်ကြောင်း” မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(မြို့ပြ) ဦးဇော်မိုးဆွေ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့ ဝါးရုံသာကျေးရွာအုပ်စု၊ ရွှေလင်းတကျေးရွာမှာရှိတဲ့ လယ်ဧကတော်တော်များ များမှာဆိုရင် မိုးတွင်း ပိုင်းက တင်ကျန်နေခဲ့တဲ့ မိုးရေတွေဟာ ယခုအချိန်အထိ မထွက်သေးဘူး၊ ဒီလို မိုးတွင်းကရေတွေက မထွက်ဘဲ ရေလှောင် ထားသလိုဖြစ်နေတော့ သီးနှံတွေကို ရာသီချိန်အမှီ မစိုက်နိုင်ခဲ့ကြဘူး၊ယခု မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စတင်အကောင် အထည်ဖော်ဆောင်ရွက်နေသည့် အလျားပေ(၁၈၀၀)ရှိတဲ့ ရေနုတ် မြောင်းကြီး တူးဖော်ပြီးစီးသွားပါက နှစ်စဉ် ရေတင်ကျန်လေ့ရှိတဲ့ လယ်ဧက(၉၅)ဧကတွင် ရေတင်ကျန်ခြင်းများ မရှိတော့ ဘဲ သီးနှံများအား ရာသီချိန်အမှီစိုက်ပျိုး နိုင်တော့မည်ဖြစ်တဲ့အတွက် ရွှေလင်းတကျေးရွာမှာရှိတဲ့ ကျေးရွာ ပြည်သူများ အတွက် များစွာအကျိုးပြုနိုင်တော့မ ည်ဖြစ်ကြောင်း” ဝါးရုံသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းသိန်းအောင် ပြောကြား ချက်အရ သိရသည်။
မော်လိုက်သားလေး