ဇီးကုန်းမြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ဇီးကုန်း ဇန်နဝါရီ ၁၂

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်မှုဆိုင်ရာ ခရိုင်ကြီးကြပ်မှု ကော်မတီ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှေးဦးစွာ ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ခရိုင်ကြီးကြပ်မှုကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းထွန်းက အုပ်ချုပ်ရေး အဆင့်ဆင့်ဖွဲ့စည်းမှုများ၊ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တို့၌ ပြည့်စုံရမည့် အရည်အချင်းများ၊ ရွေးချယ် ဆောင်ရွက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြသခဲ့သည်။

ထို့နောက် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ရာ တက်ရောက် လာသူများက မရှင်းလင်းသည့်အချက်များနှင့် သိရှိလိုသည်များကို ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)