ကျောက်ဆည်လူထုအခြေပြုဗဟိုဌာနတွင် ပုံပြော၊ကဗျာရွတ်ပြိုင်ပွဲနှင့်နှင့်စာအုပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် မတ် ၂၄ ရက် မွန်းလွဲ(၂)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြော၊ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ကျင်းပသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာပေဖတ်သည့်အလေ့အကျင့်များ ရရှိလာစေရန်နှင့် စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး ပုံပြော၊ကဗျာရွတ်ပြိုင်ပွဲများ  ကျင်းပခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ အမှတ်(၁) အခြေခံပညာကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ၊ရသစာအုပ်စာစောင်များနှင့်အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)