ပွင့်ဖြူ မတ် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက်ရှိ အောင်သိဒ္ဓိကျောင်းတိုက် ဘဝမဏ္ဍိုင်သာသနာပြုဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသော ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဆင်းပွဲနှင့် ဆုချီမြှင့်ခြင်း အခမ်းအနားကို မတ် ၂၅ ရက်၊ နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်တွင် ကျင်းပသည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက နမ္မောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ သမော်အင်းကျေးရွာ ရွှေကုသိုလ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝိမလ (မြို့နယ်သံဃနာယကအဖွဲ့ဝင်) ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းမှ ကျောင်းသားကျောင်းသူများက စွမ်းရည်ပြ(Talk Show) အစီအစဉ်အား ပြုလုပ်ကာ သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဆရာတော်ကြီးများ ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ပို့ချသင်ကြားပေးခဲ့သော သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာလေးများကို လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်းနှင့် နည်းပြဆရာ/ဆရာမများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အောင်သိဒ္ဓိကျောင်းတိုက် (ဘဝမဏ္ဍိုင်သာသနာပြု ဖောင်ဒေးရှင်း) ဆရာတော် ဘဒ္ဒန္တသုစိတ္တသာရ (မဟာသဒ္ဓမ္မဇောတိကဓဇ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ)က နိဂုံးချုပ် ဩဝါဒကထာ မိန့်ကြားပြီး ရေစက်သွန်ချ အမျှအတန်းများ ပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့ အောင်သိဒ္ဓိကျောင်းတိုက်တွင် ဘဝမဏ္ဍိုင်ဆရာတော် ဘဒ္ဒန္တသုစိတ္တသာရ (မဟာသဒ္ဓမ္မဇောတိကဓဇ ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ)၏ ဦးဆောင်မှုဖြင့် ကျောင်းနေအရွယ် ကလေးများကို “ပညာပြည့်ဝ နှလုံးလှဖို့ ဓမ္မအမွေ ဖြန့်ဝေစို့”ဟူသော ဆောင်ပုဒ်အတိုင်း ဗုဒ္ဓအဆုံးအမ၏ တရားတော်နှင့်အညီ ယဉ်ကျေးလိမ္မာသော လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓအဆုံးအမ ယဉ်ကျေးလိမ္မာစာပေများ၊ ဘုရားရှိခိုးနည်း၊ သီလယူခြင်း၊ မေတ္တာပို့သခြင်း၊ တရားထိုင်ခြင်း အစရှိသည့် ယဉ်ကျေးလိမ္မာ သင်ခန်းစာများကို ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး