ရွှေဘို မတ် ၂၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲအား စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့အမှတ်(၄) ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တော်ကြီးတွင် ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ရာ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များအေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်အပါအဝင်ကြီးကြပ်ဆရာတော်များ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရွှေဘိုတပ်နယ်မှူး၊ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းတင်ထွေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်နိုင်နှင့်တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များက သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် လိုအပ်သည်များကို ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါစာမေးပွဲအား တန်ခူးလဆန်း ၆ ရက်နေ့မှ တန်ခူးလဆုတ် ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပထမနေ့၌ စာရှင်းရှိစာဖြေသံဃာတော်၊ သီလရှင်၊ စုစုပေါင်း (၂၈၀) ပါးရှိပြီး လာရောက်ဖြေဆိုသူ သံဃာတော်၊ သီလရှင် စုစုပေါင်း (၂၄၂) ပါး၊ ပျက်ကွက် (၃၈) ပါးရှိကြောင်းနှင့် စာဖြေသံဃာတော်များအား ရွှေဘိုတပ်နယ်မှ ဝတ္ထုငွေ၊ အအေးနှင့်ရေသန့်များ ကပ်လှူခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)