စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်ခြင်း အခမ်းအနား ဒုတိယနေ့ကျင်းပ

မုံရွာ မတ် ၂၄

နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာ အသီးသီးမှအငြိမ်းစားဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးနှင့် စားသောက်ရေးများ အဆင်ပြေစေရန်အတွက်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်ခြင်း ဒုတိယနေ့အခမ်းအနားကို မတ်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသည့် အငြိမ်းစားဝန်ထမ်းများအား နံနက်စာကော်ဖီနှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံမိတ်ဆက်စကားများပြောကြားကာ တာဝန်ရှိသူများနှင့်အတူ အငြိမ်းစားဝန်ထမ်း ၇၅၀ ဦးအား အာဟာရဖြည့်စွက်စာ ကြက်ဥများအား လက်ရောက်ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ခန်းမအတွင်း၌ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ဆီးချို/သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ အကြောနာအကြောတက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုးရင်ကြပ်ရောဂါများအား စစ်ဆေးကုသပေးနေမှု များအား ကြည့်ရှုအားပေးခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် အဆိုပါခန်းမဝန်းအတွင်း၌ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှအငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊စားသုံးဆီနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)