ပန်းတောင်း မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသည့် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်မွန်းလွဲ (၃) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံဦးစီးအရာရှိ ဒေါ်အေးအေးမော်က ထောက်ပံ့မှုနှုန်းထားများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းကြိုင်က မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့မှပေးပို့သော ထောက်ပံ့ရေးပစ္စည်းများအကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ထောက်ပံ့မှုများပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက ဆင်တဲကျေးရွာရှိ လေဘေးသင့်အိမ်ထောင်စုများအတွက်လည်းကောင်း၊ မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က သရက်လိန်ကျေးရွာအုပ်စု၊ တက်သစ်ကျွန်းကျေးရွာရှိ လေဘေးသင့်အိမ်ထောင်စုများအတွက်လည်းကောင်း ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထို့အတူ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းကြိုင်က ဆင်တဲကျေးရွာနှင့် တက်သစ်ကျွန်းကျေးရွာရှိ ပြိုလဲအိမ်ထောင်စု (၅) စုအတွက် လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို အသီးသီးလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)