မကွေး မတ် ၂၄
သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ညွှန်ကြားရေးမှူး ဦးမျိုးအောင်သည် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ မတ်လ ၂၁ ရက်နေ့က မကွေးမြို့၊ မြို့နယ်သမဝါယမအသင်းစုဆီစက်နှင့် မကွေးမြို့နယ် ရှားပင်လှကျေးရွာရှိ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင် ဥစားကြက်မွေးမြူရေးလုပ်ငန်းနှင့် သမဝါယမထုတ်ကုန်အရောင်းဆိုင်တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် မကွေးမြို့နယ် ရှားပင်လှကျေးရွာရှိ သမဝါယမအသင်းစုချုပ်ပိုင် ရွှေတင့်တူးစိုက်ပျိုးမွေးမြူရေးဇုံအတွင်း သမဝါယမအသင်းစုချုပ်နှင့် သမဝါယမအသင်းများမှ ဒေသအတွင်း စားသုံးရန်လိုအပ်မှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ကြက်မွေးမြူရေးခြံသို့ ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းဆွေးနွေးတင်ပြခဲ့မှု အပေါ်လိုအပ်သည်များ လမ်းညွှန်မှားကြားခဲ့သည်။
ဆက်လက်၍ မကွေးမြို့နယ် သန်းတောကုန်းကျေးရွာရှိ မကွေးမြို့နယ် သမဝါယမအသင်းစု ဆီစက်သို့ ရောက်ရှိပြီး တာဝန်ရှိသူများက ဆီစက်လည်ပတ်မှုအခြေအနေ ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ်မှု၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးနှင့်အဖွဲ့က ဆီစက်အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး၍ လုံလောက်သည့် ကုန်ကြမ်းသိုလှောင်နိုင်ရေးနှင့် လိုအပ်သည့်စက်များ ဝယ်ယူဆောင်ရွက်ရန် မှာကြားခဲ့ကာ မကွေးမြို့ပေါ်ရှိ သမဝါယမထုတ်ကုန် အရောင်းဆိုင်အားကြည့်ရှုစစ်ဆေး၍ သမဝါယမအသင်းအချင်းချင်း ကွန်ယက်ချိတ်ဆက်ရောင်းချနိုင်ရေး ဆောင်ရွက်ရန်ဆွေးနွေးအကြံပြုခဲ့သည်။
ဆက်လက်ပြီး မတ်လ ၂၂ ရက်နံနက်ပိုင်းတွင် ညွန်ကြားရေးမှူးနှင့်အဖွဲ့သည် မြို့သစ်မြို့နယ် ယင်းနားကုန်း စိုက်/ထွေ သမဝါယမအသင်းသားတောင်သူများ၏ သက်တံရောင်စီမံကိန်းဖြင့် နွေစပါးစိုက်ဧက(၁၈၉)ဧကတွင် တစ်ဧကလျှင် (၃၀၄၅၀၀/-)နှုန်းတန်ဖိုးရှိသော သွင်းအားစုများ ပံ့ပိုးပေးထားသည့် နွေစပါး(အောင်နိုင်တိုး) စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေဖြိုးသာစိုက်/ထွေ သမဝါယမအသင်း၏ တန်(၃၀)ကျ ဆန်စက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)