ငွေဆောင်မြို့၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ငွေဆောင် မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ ၊ကျေးလက်ကျန်းမာရေးဌာနမှ ကမ်းနီး/ ကမ်းဝေး စက်လှေများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အသိပညာပေးဟောပြောခြင်းကို ယမန်ညနေပိုင်းက သဇင်ကျေးရွာ (မြောက်ပိုင်း) ဥတ္တရာ ရာမခါတော်မီ ကျောင်းတိုက်၊ ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှောက်ချောင်း ကျေးလက်ကျန်းမာရေးဌာနခွဲမှ လက်ထောက် ကျန်းမာရေးမှူး ဦးစောခူဒိုဘိုးဇံမှ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားရောဂါတို့ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် သန့်( ၄) သန့် နှင့် အညီ နေထိုင်ကြရန်နှင့် ကမ်းနီး / ကမ်းဝေးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် လှေပိုင်ရှင်၊ လှေဦးစီးနှင့် လှေပေါ်လိုက်မည့် အလုပ်သမားများလိုက်နာရမည့်အချက်များအား ရှင်းလင်းဟောပြောခဲ့သည်။ ထို့နော​က်တက်ရောက်လာသူ ဒေသခံပြည်သူများမှ  ကျန်းမာရေးနှင့်ပက်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ကျေးလက်ကျန်းမာရေးဌာန တာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးခဲ့သည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါမဖြစ်ပွားစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ အတိုင်း လိုက်နာနေထိုင်ကြရန်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်၍စောစီးစွာ ကုသမှုခံယူကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့အုပ်ချုပ်ရေးမှူး၊ငွေဆောင်မြို့အတွင်းရှိ ကျေးလက် ကျန်းမာရေးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် သဇင်ကျေးရွာမှ ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး