ဂန့်ဂေါ ဇန်နဝါရီ ၁၂
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂန့်ဂေါမြို့နယ် ရဲလှကျေးရွာနှင့် စိုင်ဒူးကျေးရွာတို့တွင် ယခုနှစ်ပိုင်း၌ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်လျက်ရှိသည်။
ထိုသို့ ဖောက်လုပ်ရာတွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ဌာနခွင့်ပြုငွေ ၉၅ ဒသမ ၀၄ ကျပ်သန်းဖြင့် တင်ဒါ အောင်မြင်သော မြစ်သာဂန့်ဂေါ ကုမ္ပဏီက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် စတင်ဖောက်လုပ်ခြင်းဖြစ်သည်။ ရဲလှကျေးရွာတွင် ဖောက်လုပ်သည့်ကုန်ထုတ်လမ်းမှာ အရှည် ၂ မိုင် ၄ ဖါလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မရှိ ကျောက်ရော မြေဖြန့်ခင်း၍ မြေနီကျောက်စရစ်တင်ခြင်းလုပ်ငန်းအပြင် အဆိုပါလမ်းပေါ် BOX CULVERT တစ်စင်းတည် ဆောက်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ စိုင်ဒူးကျေးရွာတွင် လမ်းအရှည် ၁ မိုင် ၂ ဖါလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မရှိ ကျောက်ရောမြေဖြန့်ခင်း၍ မြေနီကျောက်စရစ်တင်ခြင်း လုပ်ငန်းနှင့် အဆိုပါလမ်းပေါ် BOX CULVERT တစ်စင်းတည် ဆောက်ခြင်းလုပ်ငန်းကို လည်းကောင်း ဆောင်ရွက်ခြင်းဖြစ်သည်။
ကျေးလက်ကုန်ထုတ်လမ်းများပြီးစီးသည့်အခါတွင် အဆိုပါကျေးရွာများရှိ လယ်ယာမြေဧက ၁၅၀၀ မှ ထွက်ရှိသော ရာသီချိန်သီးနှံများ အချိန်မီစျေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် ဆက်စပ် လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ကြ မည်ဖြစ်သည်။
ဖော်ပြပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှူး ဒေါ်မြသက်ထွေးတို့နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှုကာ လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးကြ ကြောင်း သိရသည်။
တောင်သားမောင်သန်း