မုံရွာ မြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ

မုံရွာ မတ် ၂၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲအားစစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အလယ်ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်ရာကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်အပါအဝင် ကြီးကြပ်ဆရာတော်များ၊ မုံရွာ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များက သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှုများ အပါအဝင် လိုအပ်သည်များကို ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါစာမေးပွဲအား တန်ခူးလဆန်း ၆ ရက်နေ့မှ တန်ခူးလဆုတ် ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ပထမနေ့၌ စာရှင်းရှိ စာဖြေသံဃာတော်/ သီလရှင်၊ စုစုပေါင်း(၁၁၃)ပါးရှိပြီး လာရောက်ဖြေဆိုသူ သံဃာတော်၊ သီလရှင် စုစုပေါင်း(၉၃)ပါး၊ ပျက်ကွက်(၂၀)ပါးရှိကြောင်းနှင့် စာဖြေသံဃာတော်များအားမုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ဝတ္ထုငွေ၊ အအေးနှင့်ရေသန့်များ ကပ်လှူခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)