ကော့သောင်း မတ်၂၄
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဆလုံစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ပူးပေါင်းကျင်းပသော တနင်္သာရီ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် ဆလုံလူမျိုးများ၏ ဒုတိယအကြိမ်မြောက် ဆလုံနှစ်သစ်ကူးပွဲတော်ကို ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ မကြုံကလက်ကျေးရွာ၌ မတ်လ (၂၃)ရက်နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါနှစ်သစ်ကူးပွဲတော်အား တနင်္သာရီတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ Kento Travel Co.Ltdမှ ဦးဗညားသိုင်းမွန်၊ SCG Co.Ltd မှ ဦးတင်ကျော်မင်း၊ ဆလုံ နှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့်တာဝန်ရှိသူများက ဆလုံတိုင်းရင်းသားရိုးရာပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ဆလုံနှစ်သစ်ကူးပွဲတော်အား ဆက်လက်ကျင်းပရာ မကြုံကလက်ကျေးရွာမှ ဆလုံတိုင်းရင်းသားများက ရိုးရာအကဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က ဆလုံလူမျိုးများ၏ နှစ်သစ်ကူးပွဲတော် အမှာစကားပြောကြားသည်။ ယင်းနောက် စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံများနှင့် အလှူရှင်များက အလှူငွေများလှူဒါန်းကြရာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်သည်။
ယင်းနောက် ဆလုံနှစ်သစ်ကူးပွဲတော် အကပြိုင်ပွဲ၊ ပြဇာတ်ပြိုင်ပွဲမှ ဆုရရှိသည့်အသင်းများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ကော့သောင်းမြို့နယ်၊ ညောင်ဝိကျေးရွာမှ ဆလုံများမှ တိုင်းရင်းရိုးရာအကဖြင့် ကပြဖျော်ဖြေခဲ့သည်။ ယင်းနောက် ဆလုံနှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားအပြီးတွင် ဆလုံတိုင်းရင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၊ ရေငုတ်ပြိုင်ပွဲယှဉ်ပြိုင်မှုများအား လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တာဝန်ရှိသူများကြည့်ရှုအားပေးပြီး ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအား ဆုချီးမြှင့်ခဲ့ကြသည်။ အဆိုပါ နှစ်သစ်ကူးပွဲတော်တွင် တိုင်းရင်းသားရိုးရာအကများ၊ ဆလုံတိုင်းရင်းသားရိုးရာပြခန်း၊ အဏ္ဏဝါရေပြင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးပြခန်းနှင့် ရိုးရာအစားအစာနှင့် အမှတ်တရပစ္စည်းအရောင်းပြခန်းများ ပြသထားရှိပြီးပွဲတော်ကို မတ်လ (၂၁)ရက်မှ(၂၃) ရက်အထိကျင်းပ၍ ဆလုံလူမျိုးများ၏ ရိုးရာအကအလှများနှင့် တိုင်းရင်းသားရိုးရာပြဇာတ်၊ စင်တင်တေးဂီတဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)