ဗန်းမောက် ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မံအင်မင်းကုန်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာချင်းဆက် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရန်နှင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားကူးသန်း ရောင်းဝယ် ရေးတို့ လွယ်ကူကောင်းမွန်နိုင်စေရန်အတွက် လမ်းပိုင်းပျက်စီး နေမှုများအား ပြုပြင်ဆောင်ရွက်ခြင်း လုပ်ငန်းကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရ သည်။
အဆိုပါ အနောက်ကုန်း-အနောက်တော ကျေးရွာချင်းဆက်လမ်းပိုင်းများကို မြေသားလမ်း ဖောက်လုပ်နေမှုမှာ ဒေသခံပြည်သူလူထုများ၏ စက်ယန္တရားအကူအညီ လုပ်အားဒါနပံ့ပိုးကူညီမှုနှင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါမြေသားလမ်းမှာ ယခုနှစ်တွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း (၄၀) ဖြင့် ဂျင်းတင်မြေသားလမ်း (၂) မိုင်ကျော် ဆောင်ရွက်သွားရန်ရှိကြောင်း၊ နွေ၊ မိုး၊ ဆောင်း အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရန် လမ်းဖြစ်ဖို့အတွက် သက်ဆိုင်ရာဌာနများနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက် ရှိနေပါ ကြောင်းနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်နေမှုကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း မြို့နယ်အမှတ် (၂) တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီဟန်က ပြောသည်။
ကျေးရွာချင်းဆက်လမ်းပိုင်းများ ပြီးစီးသွားပါက မံအင်မင်းကုန်းကျေးရွာအုပ်စုအတွင်းမှ ဒေသခံပြည် သူများအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့ စေမည့်အပြင် အချိန်တိုအတွင်း ကုန်စည်စီးဆင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)