ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း သင်ကြားပို့ချနေမှု သွားရောက်အားပေးကြည့်ရှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

လွိုင်ကော် မတ် ၂၃

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း သင်ကြားပို့ချနေမှု သွားရောက်အားပေးကြည့်ရှုပြီး မင်းကျောင်းကန်အမှတ်(၄)နှင့် (၅) ကန်ပတ်ဝန်းကျင်တစ်လျှောက် ပြည်သူများ အနားယူအပန်းဖြေနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများအား နွေရာသီ မိမိတို့၏ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချ၍ မိမိဝါသနာပါရာ ဘာသာရပ်အား လေ့လာသင်ကြား‌ရသည့်အတွက် များစွာအကျိုးရှိကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ဆရာဆရာမများ သင်ကြားပို့ချပေးနေမှုကို စိတ်ပါဝင်စားစွာဖြင့် ကြိုးစားသင်ယူသွားရန်နှင့် အင်္ဂလိပ်စာသည့် နိုင်ငံတကာအသုံးပြုသည့် ဘာသာစကား ဖြစ်သည့်အတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူသွားရန်လိုအပ်ပါကြောင်း မှာကြားခဲ့သည်။ ထို့နောက် နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်း တက်ရောက်လျက်ရှိသည့် ကျောင်းသား ကျောင်းသူများအား ချီးမြှင့်ငွေ ၁၀၀၀၀၀၀/- ကျပ် (ကျပ်တစ်ဆယ်သိန်း) နှင့် သင်ကြားပို့ချလျက် ရှိသည့် ဆရာဆရာမများအတွက် ချီးမြှင့်ငွေ ၈၀၀၀၀၀/- ကျပ် (ကျပ်ရှစ်သိန်း) တိတိအား ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းသင်တန်းကို (၉-၃-၂၀၂၆) မှ (၃-၄-၂၀၂၆) ထိ ရက်သတ္တပတ် (၄) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းကျောင်းပရိယတ္တိစာသင်တိုက်သို့ရောက်ရှိပြီး မင်းကျောင်းဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္တုနှင့်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကာ နွေရာသီယဉ်ကျေးလိမ္မာသင်တန်း သို့တက်ရောက်လျက်ရှိသည့် သင်တန်းသားများကို နှုတ်ဆက်စကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ငယ်စဉ်ကလေးဘဝမှစ၍ ယခုကဲ့သို့ ယဉ်ကျေးလိမ္မာသင်တန်းသို့တက်ရောက်ပြီး ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့အောင် လိုက်နာသင်ကြားပြီး အနာဂါတ်၏ ယဉ်ကျေးလိမ္မာသော လူငယ်လူရွယ်များ ဖြစ်အောင်ကြိုးစားသွားကြရန်မှာကြားခဲ့ပြီး သင်တန်းတက်ရောက် လျက်ရှိသည့် ကျောင်းသားကျောင်းသူများနှင့် သင်ကြားပို့ချပေးသော ဆရာဆရာမများအား ချီးမြှင့်ငွေ ၁၀၀၀၀၀၀/- ကျပ် (ကျပ်တစ်ဆယ်သိန်း) တိတိအား ပေးအပ်ခဲ့သည်။

အဆိုပါ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို (၁၅-၃-၂၀၂၆) မှ (၂၀-၄-၂၀၂၆) ထိ ရက်သတ္တပတ် (၅) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ မင်းကျောင်းကန်သာ ကန်အမှတ် (၄) နှင့် (၅) သို့ရောက်ရှိကာ ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင် ရေးအတွက် ကန်ပတ်ဝန်းကျင်နှင့် ရေကန်အတွင်းပလပ်စတစ်နှင့် အမှိုက်သရိုက်များ ကင်းစင်သန့်ရှင်းရေး၊ ကန်ဘောင်ပတ်လည်ပန်းအလှပင်စိုက်ပျိုးခြင်းနှင့် အမြဲစိမ်းလန်းစိုပြည် စေရေး၊ အများပြည်သူအပန်းဖြေရန်နေရာများ စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို စစ်ဆေးကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား ကန်သန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်၊ ကန်ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များ စိမ်းလန်းစိုပြည်ရေးနှင့် အမှိုက်သရိုက်များကင်းရှင်းစေရေး ဆောင်ရွက်ရန်နှင့် မြို့အား Green CityClean CitySmart City အဖြစ် ပုံဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)