ဖျာပုံခရိုင်ရုံး Community Centreခန်းမ၌အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်

ဖျာပုံ မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန်၊ အင်္ဂလိပ်စာနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါရုံးခန်းမ၌ ပြုလုပ်သည်။

အဆိုပါအခြေခံအင်္ဂလိပ်စာ သင်တန်းတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးနှင့် အင်္ဂလိပ်စာသင်ကြားပေးမည့် ဆရာဦးကိုကိုဇော်တို့က အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အင်္ဂလိပ်စာနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းသင်ခန်းစာသင်ယူရာတွင် အထောက်အကူရရှိစေမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အင်္ဂလိပ်စာဆရာ ဦးကိုကိုဇော်က အခြေခံအင်္ဂလိပ်စာကို စာတွေ့၊ လက်တွေ့ သင်ကြားပြသပေးသည်။

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ Grade (6)နှင့် Grade (8)မှ ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး တက်ရောက်ပြီး သင်တန်းအား မတ်လ(၂၃)ရက်နေ့မှ မတ်(၂၇)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)