ခန္တီးမြို့နယ်၌ တောင်သူချင်းစိုက်ပျိုးနည်းပညာ လေ့လာဖလှယ်ခြင်းခရီးစဉ်ပြုလုပ်

ခန္တီး မတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနကကြီးမှူး၍ တောင်သူများ အချင်းချင်း စိုက်ပျိုးနည်းစနစ်များလေ့လာဖလှယ်ကြနိုင်စေရန်၊ ခန္တီးမြို့နယ်အတွင်း စိုက်ပျိုးဖြစ်ထွန်းသည့် သီးပင်စားပင်နှင့် နှစ်ရှည်ပင်များကို လေ့လာနိုင်စေရန်နှင့် စိုက်ပျိုးရေရရှိရေးဆောင်ရွက်မှုများ၊ စိုက်ပျိုးနည်းစနစ်မှန်ကန်စွာစိုက်ပျိုးနိုင်ရေး နည်းပညာများ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ တောင်သူချင်းစိုက်ပျိုးနည်းပညာ လေ့လာဖလှယ်ခြင်းခရီးကို ယမန်နေ့က ပေါမိုင်းရပ်ကွက်၊ အောင်သာရပ်နှင့် စိန်နန်းအုပ်စု၊ သာယာကုန်းကျေးရွာရှိစိုက်ခင်းများတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဉီးစီးမှူး၊ ဒေါ်စုစုခိုင်က ဉီးဆောင်၍ စိုက်ပျိုးရေး ဝန်ထမ်းများက စိုက်ပျိုး‌ရေရရှိရေးအတွက် တစ်နိုင်တစ်ပိုင်ဆိုလာ(590 W -1 ချပ်)အသုံးပြု၍ မြေအောက်ရေတင်စနစ်ဖြင့် ရေအသုံးပြုမှုများ၊ နေကြာသီးနှံ တစ်ဧကအထွက်နှုန်းတိုးတက်စေရေးအတွက် သိပ္ပံနည်းကျဆောင်ရွက်ထားရှိသည့် နည်းလမ်းများ၊ ကျွဲ/နွား လွတ်ကျောင်းစနစ်ပပျောက်ရေးအတွက် စိုက်ပျိုးထားရှိသော နေဗီယာမြက်စိုက်ခင်းများ၊ ရွှေ့ပြောင်းတောင်ယာလျော့ချ၍ ရေရှည်တည် တံ့သောစိုက်ပျိုးရေးစနစ်ကို ဉီးတည်ဆောင်ရွက်လာစေရေးအတွက် ရော်ဘာတန်းကြား ကော်ဖီသီးညှပ်စိုက်ခင်းများကို တောင်သူများ စိုက်ပျိုးရေးအသိပညာဗဟုသုတရရှိစေရန်နှင့် အချင်းချင်းစိုက်ပျိုးနည်းပညာ လေ့လာဖလှည်နိုင်စေရန်ပြသခဲ့ကြသည်။ အဆိုပါ ခရီးစဉ်သို့ဒေသခံတောင်သူ(၆၀)ဉီး ပါဝင်လေ့လာခဲ့ကြောင်း သိရှိရသည်။

ကမ်းကီး(ပြန်/ဆက်)