ငရုတ်ကောင်းမြို့တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း ရောင်းချစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

ငရုတ်ကောင်း မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် မတ်လ ၂၃ ရက် နံနက်ပိုင်းက ငရုတ်ကောင်းမြို့ပေါ်ရှိ  စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်‌ရေးမှူး ဦးမြတ်ဟိန်းထွန်းနှင့် တာဝန်ရှိသူများက မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးအတွက် ဈေးနှုန်းမှန်ကန်စွာရောင်းချရေး၊ ဆီပြတ်လပ်မှုများမဖြစ်ပေါ်ရေးအတွက် ပေပါများ၊ ပုံးများဖြင့် မရောင်းချရေး၊ ဆီလက်ကျန်စာရင်းနှင့် ရောင်းချမှု စာရင်းများအား စစ်ဆေးခြင်း၊ စက်သုံးဆီဝယ်ယူရာတွင် ယာဉ်လိုင်စင်သက်သေခံ ဝှီးတက် (သို့မဟုတ်) အုံနာဘုတ် ပြသစေ၍ စစ်ဆေးရောင်းချသွားရန်၊ စုံ၊ မခွဲခြားမောင်းနှင်မှု စနစ်အား လိုက်နာရန်နှင့် စုံရက်မရက်အလိုက် ယာဉ်များကို စက်သုံးဆီများရောင်းချပေးရန်နှင့် အဆိုပါစည်းကမ်းချက်များအား ပြည်သူများသိရှိနိုင်ရန် ဗီနိုင်းဆိုင်းဘုတ်များစိုက်ထူချိတ်ဆွဲ၍ ကြေညာပေးရန်တို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး စည်းကမ်းလိုက်နာခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင်၊ မော်တော်ယာဉ်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)