ဒီးမော့ဆို ဇန်နဝါရီ ၁၂
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ခူးပရာကျေးရွာရှိ ခူးပရာတောင်(ရွှေတောင်တန်း)သည် ကိုဗစ်အလွန် ကာလတွင် ခရီးစဉ်ဒေသအသစ် တစ်ခု အဖြစ် ဖော်ဆောင်နိုင်ရန်အတွက် လေ့လာလျက်ရှိကြောင်း သိရ သည်။

“ဒီးမော့ဆိုမြို့နယ် ခူးပရာကျေးရွာမှာရှိတဲ့ ရွှေတောင်တန်းသည် အမြင့်ပေ ၅၀၀၀ ကျော်ရှိတဲ့ တောင်တန်းတစ်ခု ဖြစ်ပါတယ်၊ တောင်ပေါ် ကနေ ကြည့်လိုက်လို့ရှိရင် တကယ် သဘာဝအလှအပတွေနဲ့ ပြည့်စုံတဲ့ နေရာတစ်ခု ဖြစ်ပါတယ်၊ ခူးပရာကနေ ဆက်သွားမယ်ဆိုရင် ဖရူဆို မြို့နယ် ထီးဆိုဒူး သဘာဝကြိုးဝိုင်းထဲကို ရောက်သွားမယ်၊ ထီးဆိုဒူ သဘာဝကြိုးဝိုင်းဆိုရင်လည်း ကျွန်တော်တို့ ကယားပြည်နယ်ရဲ့ ရေအရင်း အမြစ် တွေ မြစ်ဖျားခံရန် စတင်တဲ့ နေရာဖြစ်ပါတယ်၊ အဲ့ကနေ ဆက်သွား မယ်ဆိုရင် ကယောလူမျိုးတွေရှိတဲ့ ထေးခိုကျေးရွာနဲ့ ဆင်ဖြူတောင် ကို ရောက်တယ်၊ ဒါတွေကို သိတဲ့ အတွက် ခရီးသွားဇုန်တစ်ခု တစ်ဆက်တည်း ဖော်ဆောင်နိုင်ရန် လာရောက်လေ့လာခြင်း ဖြစ်တယ်” ဟု ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောသည်။

ခူးပရာတောင်သည် ပင်လယ်ရေ မျက်နှာပြင်အထက်ပေ ၅၈၀၀ ကျော်ရှိပြီး လွိုင်ကော်မြို့မှ မိုင် (၅၀)ခန့် အကွာတွင် တည်ရှိကာ တောင်တက် လမ်း ခရီးတစ်လျှောက်တွင် စိတ်ဝင်စားဖွယ်ရာ တောတောင် သဘာဝ ရှုခင်းများ၊ စိမ်းစိုလှပသော လှေကားထစ် စိုက်ခင်းများ၊ တောင်ထိပ် တွင် သဘာဝဆန်ဆန် ဆောက်လုပ်ထားသော သစ်သားအိမ်နှင့် ဘန်ကလိုလေးတွေ တွေ့မြင်ရမည် ဖြစ်သည့်အပြင် သဘာဝတောတောင် အလှ ရှုခင်းများနှင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်သည်။


ကိုဗစ်ကာလအလွန်တွင် ခရီးစဉ်ဒေသသစ် တစ်ခုဖြစ်လာနိုင်သည့် ခူးပရာတောင် (ရွှေတောင်တန်း)သည် ခရီးသွားလုပ်ငန်းနှင့်အတူ စိုက်ပျိုးရေး လုပ်ငန်းများ၊ ထိုင်းနိုင်ငံမှ နေရပ်ပြန် ကယန်းတိုင်းရင်းသားများကို ပြန်လည်နေရာချထားပြီး CBT Village ဖော်ဆောင်နိုင်ရန် စီစဉ်ထားပြီး ရွှေတောင်တန်း၊ ထီးဆိုဒူး အမြဲစိမ်းတော၊ ကယောဒေသ ဆင်ဖြူတောင်၊ ကရင်ပြည်နယ် သံတောင်ကြီးအထိ ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ခရီးသွားဇုန်တစ်ခု တစ်ဆက်တည်း ဖြစ်ပေါ်လာနိုင်ရန် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ(RTC)၊ ခရီးစဉ်ဒေသ ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့(DMO)နှင့် ဝိုင်းဝန်းအကြုံပြု ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရ သည်။
ရီရယ်(ဒီးမော့ဆို)