ငွေဆောင် မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၆ ခုနှစ်၊မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငွေဆောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက တပ်မတော်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဌာနဆိုင်ရာများ၊ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ စွမ်းရည် (၃) ရပ်၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ (၂၇.၃.၂၀၂၅) ရက်နေ့ နှစ် (၈၀) ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်တို့အပြင် ဆောင်းပါး၊ ကဗျာနှင့် ကာတွန်းတို့ဖြင့် ဝေဝေဆာဆာဖော်ပြပါရှိကြောင်း သိရသည်။
ကျော်လင်းဦး