စစ်ကိုင်းမြို့နယ်အတွင်း ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများအား ဓာတုကင်းလွတ် သီးနှံစိုက်ခင်းများ အထွက်တိုးစေရန် နည်းပညာဖြန့်ဝေပေး

စစ်ကိုင်း ဇန်နဝါရီ ၁၂ 

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန စီစဉ်မှုဖြင့် တဲကြီးမြို့မနည်းပညာ ပြန့်ပွားရေးစင်တာမှ တာဝန်ခံများနှင့် စိုက်ပညာ ပညာရှင်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဆင်တပ်ကျေးရွာ တောင်သူဦးအောင်မောင်း၏ တစ်ပိုင်တစ်နိုင် ဓာတု ကင်းလွတ် ဆောင်းသီးနှံစိုက်ခင်းတွင် ဓာတုလျော့ချ၍ သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲနည်းများ  လက်တွေ့ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကျေးရွာရှိ တောင်သူဦးဆွေကလည်း ကိုယ်တိုင်ပြုလုပ်သုံးစွဲခဲ့သော သဘာဝပိုးပြေးဆေးနှင့် ငါးအမိုင်နို ပြုလုပ် သုံးစွဲခြင်း အကျိုးကျေးဇူးများနှင့် ရရှိခဲ့သောအာနိသင်များကို ပြန်လည်မျှဝေဆွေး နွေးပေးခဲ့ပြီး တောင်သူ ဦးအောင်မောင်း ကလည်း ဓာတုကင်းလွတ်စိုက်ခင်းများ တောင်သူများ လက်တွေ့ လုပ်ဆောင်လာကြစေရန်၊ သဘာဝပိုးပြေးဆေး ပြုလုပ် သုံးစွဲကြရန်နှင့် သီးနှံများအထွက်နှုန်း ကောင်းပြီး ကုန်ကျစရိတ်သက်သာကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

မြို့နယ်သီးနှံစိုက်ပျိုးတောင်သူများအား စိုက်ပျိုးရေးအခက်အခဲ၊ သုံးစွဲရမည့်ဆေးနှင့် မြေဩဇာများ အသုံးပြုရာတွင် ခက်ခဲမှုများရှိပါက သက်ဆိုင်ရာနယ်မြေ နည်းပညာ ပြန့်ပွားရေး စင်တာများနှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးမေးမြန်းနိုင်ကြောင်း သိရသည်။

ဇော်မြင့်နိုင်