ဆင်ပေါင်ဝဲမြို့၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဓမ္မာရုံအဆောက်အဦ အမိုးလန်ခြင်း၊ သစ်ပင်၊​ သစ်ကိုင်းများနှင့် မြေစိုက်ဗီနိုင်းပိုစတာများပြိုလဲခြင်းကို တာဝန်ရှိသူများ ကူညီဆောင်ရွက်

ဆင်ပေါင်ဝဲ မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၁) ရပ်ကွက်ရှိ စျေးရပ်ဓမ္မာရုံအဆောက်အဦ အမိုးလန်ခြင်းနှင့် သစ်ပင်၊​ သစ်ကိုင်းများနှင့် မြေစိုက်ဗီနိုင်းပိုစတာများ ပြိုလဲခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၁) ရပ်ကွက်ရှိ စျေးရပ်ဓမ္မာရုံအဆောက်အဦ အမိုးလန်ခြင်းနှင့် အများပြည်သူသွားလာသည့်လမ်းများတွင် သစ်ပင်ပြိုလဲခြင်း၊ သစ်ကိုင်းကျိုးကျခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စိုက်ထူထားသည့် မြေစိုက်ဗီနိုင်းပိုစတာများ ပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်ရာနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသွားရောက်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)