တောင်ငူ မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ နွေရာသီအထူးသင်တန်းများကို တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မတ် ၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပန်းချီနှင့် ကွန်ပျူတာပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပသည်။
ထိုသို့ ပြိုင်ပွဲကျင်းပရာတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုး၊ တောင်ငူမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဇာခြည်အောင်၊ တောင်ငူမြို့နယ် ပန်းချီပန်းပု အစည်းအရုံးနာယက ပန်းချီဆရာ ဦးစိုးမြင့်လေး (တောင်ငူ)၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် တာဝန်ရှိသူများက အခြေခံပန်းချီနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု (၁)၊ နှစ်သိမ့်ဆု (၂) ရရှိသူများအား ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့နယ် ပန်းချီပန်းပု အစည်းအရုံးနာယက ပန်းချီဆရာ ဦးစိုးမြင့်လေး (တောင်ငူ)နှင့် နည်းပြ ဦးရန်နိုင်ထွန်းတို့က အခြေခံပန်းချီရေးဆွဲနည်းများကို မတ် ၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ အခမဲ့သင်ကြားပို့ချခဲ့ပြီး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၅၀) ဦးခန့် တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)