ဓနုဖြူမြို့နယ်တွင် ယဥ်ကျေးလိမ္မာသင်တန်းနှင့် ပန်းပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဓနုဖြူ မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပညာရေးဌာနနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းတို့မှ ဦးစီးသော နွေရာသီမူလတန်းအဆင့် ယဥ်ကျေးလိမ္မာသင်တန်းနှင့် ပန်းပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် ၂၁ ရက်နေ့ နံနက် ၁၁နာရီအချိန်က အလမျိုးကျေးရွာအုပ်စုရှိ အ.ထ.က(အလမျိုး)ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ ဦးတိုးမြင့်က အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် လှူဒါန်းငွေများအား ကျောင်းအုပ်ဆရာကြီးထံသို့ အလှူရှင်များက လှူဒါန်းပေးအပ်ခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။       

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေအသင်း၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါနွေရာသီမူလတန်းအဆင့် ယဥ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းသား/ကျောင်းသူ (၁၀၃) ဦး တက်ရောက်ပြီး ပန်းပွားသင်တန်းတွင် ကျောင်းသူ (၅၂) ဦး တက်ရောက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းကို မတ်လ (၂၁) ရက်နေ့မှ မတ်လ (၂၇) ရက်နေ့အထိ (၇) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)