ချောင်းဦး ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်း စိုက်ပျိုးထားသော ဆောင်းသီးနှံ စိုက်ခင်းများ၊ အစေ့ထုတ် ပြောင်း စိုက်ခင်းများ၌ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနိုင်ရေး ကင်းထောက် စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဆူးလေကုန်းအုပ်စု ကွင်းတာဝန်ခံ ဦးကျော်သူရထွန်းက ပြောင်းစိုက်ဧရိယာများတွင် ငမြောင်တောင်ပိုး Fall Armyworm (FAW) သည် အပင်ပေါင်း (၈၀) မျိုးကို ကိုက်ဖြတ်ဖျက်ဆီး နိုင်တဲ့အတွက် အချိန်မရွေး ကျရောက်နိုင်သဖြင့် စိုက်ခင်းကိုအမြဲ စစ်ဆေးရမည်ဖြစ်ကြောင်း၊ စိုက်ခင်းပတ်လည်တွင် ပေါင်းမြက်များကင်းရှင်းရမည်ဖြစ်ကြောင်း၊ ငမြောင်တောင် ဥမြုံ စတွေ့လျင်တွေ့ချင်း ဖျက်ဆီးရ မည်ဖြစ်ကြောင်း၊ စိုက်ချိန်နောက်ကျသော အခင်းများတွင် ပိုမိုဖျက်ဆီးနိုင်၍ ပုံမှန်စိုက်ချိန်အတိုင်းစိုက်ပျိုးရမည် ဖြစ်ကြောင်း၊ ဖျက်ပိုးခံနိုင်ရည်ရှိသော မျိုးများကိုသာ ရွေးချယ် စိုက်ပျိုးရမည် ဖြစ်ကြောင်းနှင့် ပိုးသတ်ဆေးဖျန်း မည်ဆိုပါ က စနစ်တကျ ကိုင်တွယ်အသုံးပြုရန်လိုအပ်ကြောင်း၊ ဆေးဘူးခွံများ စနစ်တကျ စွန့်ပစ်တတ်ရန် လိုအပ်ကြောင်း၊ တောင်သူများအား ရှင်းလင်းပြော ပြောပြခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီးမှူး ညောင်ပင်သာအုပ်စု၊ ချောင်းမနားအုပ်စု စိုက်ပျိုးရေး ကွင်းတာဝန်ခံ ဦးအောင်ကျော်သူက ဘက်စုံပိုးမွှားရောဂါ ကာကွယ်နိမ့်နင်း နည်းလမ်းဖြင့် ကာကွယ်ခြင်း၊ ဥများကို တွေ့တွေ့ချင်း ကောက်ယူဖျက်ဆီးခြင်း၊ ပိုးလောက်ကောင်များကို လူဖြင့် ကောက်ယူဖျက်ဆီးခြင်း၊ အစာထောင် ချောက်၊ မီးထောင်ချောက်တို့ဖြင့် ဖလံများဖမ်းခြင်း၊ အဖိုဆွဲဆောင် ထောင်ချောက်( Pheromone trap) များဖြင့် ဖလံထီး များကို ဖမ်းယူဖျက်ဆီးခြင်း၊ မိတ်ဆွေပိုးများ၊ ဖျက်ပိုးရောဂါများဖြင့် နှိမ်နင်း ခြင်းများ ဆောင်ရွက် သွားမည့်ဖြစ်ကြောင်း တောင်သူများအား ရှင်းလင်းဆွေးနွေး ခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်သူရ ထွန်း၊ ဒုတိယ လက်ထောက်ဦးစီးမှူး ဦးအောင်ကျော်သူ၊ ချောင်းဦးမြို့နယ် ဆူးလေကုန်းအုပ်စု၊ ညောင်ပင်သာအုပ်စု၊ ဘုံတိုကျေးရွာ၊ ချောင်းမနားအုပ်စု၊ လှော်ကားကျေးရွာ၊ မြင်းမြေကျေးရွာ များရှိ အစေ့ထုတ်ပြောင်း အများဆုံးစိုက်ပျိုးသည် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)